Sunday 5 October 2008

ငါပြောချင်တယ် သူငယ်ချင်း

နိုင်ငံရေးဆိုတာ
ကြောက်လွန်းရင် လူရာမ၀င်ဘူး
မြောက်လွန်းကလည်း ပေါက်တက်တယ် ……
စီးမျှောနေသော သွေးတို့
နေမင်းကသောက်သုံး
အခိုးငွေ့တွေ ဖြစ်သွား
ကောင်းကင်မှာ သန္ဓေတည်
မိုးစက်သွေးတွေ ချွေချ
မြို့ ပြအနှံ့ ရိုးမအနှံ့
ပျံ့ နှံ့လို့သွားခဲ့……
ဂျူလီယက်ဆီဇာ
နပိုလီယံနဲ့ ဟစ်တလာ
ဒါဟာ သမိုင်းပေါ့……
အဟောင်းနဲ့အသစ် ပဋ္ဋိပက္ခ ဖြစ်စဉ်
ကြေးမုံပြင် ထင်သာတဲ့ ပုံရိပ်
စိုးထိပ် ၀ိုးတ၀ါး ကြောက်စိတ်နဲ့မှုံဝါး
ရှောင်လွဲလို့ ရမလားကွယ်……
ဘ၀နဲ့ အသိ ထိမိသောအခါ
သင်ဟာအိပ်ယာမှ လန့်နိုး
သူခိုး သူခိုးနဲ့
တောတိုးတဲ့ ဆင်ကန်း
ဂယောင်ဂတမ်းနဲ့ ယောင်ရမ်းလို့အော်မနေနဲ့……
သီအိုရီဆိုတဲ့ အယူအဆဒဿဆိုတဲ့ အတွေးအခေါ်
ဘေးချော်လို့မနေနဲ့……

မီးနီတော့ ဖြတ်မလို
မီးစိမ်းတော့ ရပ်မလို
ပြောင်းပြန်ကြီးဖြစ်နေတဲ့
သူငယ်ချင်း ……

ဘီယာဘူးခွံ အလွတ်တွေ
အိပ်မက် မက်နေသလား
အသားလွတ် ဆီဘူး
စိတ်ကူးနဲ့ ရူးနေသလား……


သမိုင်းရထား၊ ခုတ်မောင်းသွားပေါ့
ဘီးအောက်မှာ……
စိတ်ကူးယဉ်၊ အသားစတွေ
မွမွကျေ မွမွကျေ ……

ရာသီပေါ်ဖား
တကြွားကြွားနဲ့
မင်းအစား ငါရှက်တယ် ရှက်တယ်
သိပ်ရှက်တယ် သူငယ်ချင်းရယ်။

ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း
စဉ်းစားပါ
စကားပြောမယ်
ဝင်္ကဘာ
နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်
ပိတ်နေတဲ့ တံခါးဟာ
ပွင့်လာမှာပေါ့
စိတ်မရှည်နိုင်တာက
ကိုယ်ညံ့လို့
ဇွဲကြီးပါ သတ္တိရှိပါ
ရေဆန်မှာ လေထန်ကို ကြုံတော့
လောကဓံဆိုတာ
ခံနိုင်ရည်ရှိသူတို့ရဲ့
အောင်ပွဲပေါ့…..
(သစ္စာနီ-နာနတ်မြေ)

No comments: