Sunday 5 October 2008

အမေသို့

အမေ ……
လောကဓံ တရားရဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို
အမေ ……
ခါးဆီးရင်ကော့
ခံစားနေရတာ
ဘာကြောင့်ဆိုတဲ့ အဓိပါယ်
အမေ့သား နားလည်ပါတယ် အမေ ……
စိန်ကျောက်ပတ္တမြားတွေ တထိန်ထိန်လင်းနေပေမဲ့
စိန်နားကပ်ရောင်နဲ့ ပါးပြောင်တဲ့ ဘ၀ကို အမေမမက်မောဘူး
သဖန်းသီးလို လှပြီး ခွဲကြည့်တော့
အထဲမှာ ပိုးတွေနဲ့ ဘ၀ကို မလိုချင်ဘူး
ဒူးရင်း သြဇာလို ဂုဏ်ပုဒ်
စန္ဒကူးလို မွှေးတဲ့ဘ၀နဲ့
အမေလောကကို အလှဆင်ချင်တယ်
အမေ့ဆန္ဒ အမေ့ဘ၀ကို
ပေးဆပ်ခြင်း ရွှေအိုရောင် အချိန်များနဲ့
မွတ်သိပ်စွာ ဂုဏ်ယူနေတဲ့
အမေရယ် …အမေ့သားကျနော်ဖြစ်ရတာ ဂုဏ်ရှိလေစွ ၊ဂုဏ်ရှိလေစွ
အမေ အသက်ရာထောင်ရှည်ပါစေ ……

(သစ္စာနီ-နာနတ်မြေ)

No comments: